အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသား ၄ ဦးသည် စက်ရုံမှနေ၍ စက်ဘီးစီးလျှင် ၁၅ မိနစ်ခန့် ဝေးသော တိုက်ခန်းတွင် နေကြပြီး အလုပ်အသွားအပြန်အတွက် စက်ဘီး၊ အဝတ်လျှော်စက်၊ ခုတင် စသော ပရိဘောဂများကို ကုမ္ပဏီမှ ပံ့ပိုးပေးထားပါသည်။ တာဝန်ချိန်ပြင်ပတွင် ကုမ္ပဏီမှ အသားကင်စားပွဲ၊ လုပ်ဖော်ကိုင်ဖက်များနှင့် နွေရာသီပါတီ စသော ပျော်ပွဲရွှင်ပွဲအခမ်းအနားများသို့ တက်ရောက်ပြီး အတူတူ အလုပ်လုပ်ကြသော ဂျပန်လူမျိုးဝန်ထမ်းများနှင့် ပျော်ရွှင်စွာ အချိန်ကုန်လွန်နေကြသည့်ပုံ ရပါသည်။ ၄ ဦးစလုံးသည် မွတ်စလင်မ်များ ဖြစ်သော်လည်း ဥပုသ်သီလ စောင့်ထိန်းရာတွင် ထိုမျှ တင်းကြပ်ပုံ မရဘဲ အလုပ်ခွင်တွင် ဂရုစိုက်ရန် လိုသည့်အရာ ဟူ၍ အစားအသောက်နှင့် ပတ်သက်သည်ကသာ အဓိက ဖြစ်ပါသည်။
အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို အလုပ်မခန့်မီကလည်း ဂျပန်လူမျိုးနှင့် လက်ထပ်ထားသော နိုင်ငံခြားသားကို အလုပ်ခန့်ထားဖူးသောကြောင့် နိုင်ငံခြားသားများနှင့် အလုပ်လုပ်ရသည်ကို ဂျပန်လူမျိုးဝန်ထမ်းများမှ ဆန့်ကျင်ခြင်းနှင့် စိတ်ရှုပ်ခြင်းကို ခံစားရခြင်း မရှိခဲ့ကြပါ။ ထိုသို့ ခံစားရမည့်အစား ဝန်ထမ်းမလုံလောက်မှုကြောင့် ပင်ပန်းခဲ့ရသည်ဖြစ်၍ ထိုသူ ၄ ဦး အလုပ်ဝင်လာပေးသည့်အတွက် [အကူအညီရပြီ] [သက်သာသွားပြီ] ဟူ၍ ကျေးဇူးတင်ကြသည်က ပိုများမည် ထင်ပါသည်။
ဂျပန်နိုင်ငံ၏ လက်ရှိ လူ့အဖွဲ့အစည်းအခြေအနေကို စဉ်းစားလျှင် နောက်နောင်တွင်လည်း နိုင်ငံခြားသားများ အလုပ်ခန့်အပ်ရေးကို ပို၍ ပို၍ စဉ်းစားသွားရန် လိုအပ်သည်ဟု ထင်ပါသည်။ ဂျပန်လူမျိုးများကို အလုပ်ခေါ်သော်လည်း တော်တော်နှင့် လာမလျှောက်ကြဘဲ စိတ်သောက ကြုံနေရသော ကုမ္ပဏီ များစွာ ရှိမည်ဟု ထင်သောကြောင့် ကုမ္ပဏီအတွက် အရေးပါသော အင်အားတစ်ရပ် ဖြစ်လာမည့် အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို အလုပ်ခန့်အပ်ခြင်းအား စဉ်းစားသုံးသပ်ကြည့်သင့်ပါသည်။